ဒလ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ) ရေးသားသောအဖြစ် များသောရောဂါများစာအုပ်ဖြင့် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖြစ်များသောရောဂါများစာအုပ်ထဲမှ အစာအိမ်ရောဂါဖြစ်ပွားမှုသည် အစားအစာစားသောက်မှုနှင့် သက်ဆိုင်ကြောင်း၊ အစာအိမ်ရောဂါရဲ့ လက္ခဏာများ၊ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ အစာအဆိပ်သင့်ခြင်းအကြောင်း ၊အစာအိမ်ကင်ဆာအကြောင်း၊ စာပေဝါသနာရှင် ဦးတင်စိုးက သွေးတိုးရောဂါဆိုတာ သွေးလွတ်ကြောအတွင်း သွေးဖိအားမြင့်တက်တာဖြစ်ကြောင်း၊ စာပေဝါသနာရှင် ဦးမျိုးလွင်က နှလုံးသွေးကြောရောဂါဟာအဖြစ်များ ဆုံးရောဂါဖြစ်ကြောင်း၊ နှလုံးသွေးကြောရောဂါရဲ့ အန္တရာယ်များ၊ ကာကွယ်ရန်နည်းလမ်းများအကြောင်း စသည်ဖြင့် အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အေးမြမိုး