တပ်ကုန်း ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်း ပူးပေါင်း၍ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ကျေးလက်နှင့်မြို့ပြပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေခဲမုန့်နှင့် ကိတ်မုန့် (Bakery)အမျိုးမျိုးပြုလုပ်ခြင်း ဝင်ငွေတိုးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြဝတီရပ်ကွက်၊ ထက်ကောင်းစတိုးဆိုင်တွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါ်ငြိမ်းအေးက စိုက်ပျိုးရေးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ခေတ်မီနည်းစနစ်များနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီ၍ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်လမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ အသေးစားလုပ်ငန်းရှင်များ ထူထောင်ပေးရန်အတွက် ဝင်ငွေတိုးစီမံကိန်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဌာနမှာ ပြည်သူလူထုအကျိုးအတွက် ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေးက အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား ၁၁ ဦး တက်ရောက်ပြီး၊ နေပြည်တော်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ထားထားလင်း၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းတို့က ရေခဲမုန့်နှင့် ကိတ်မုန့်(Bakery)အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာရပ်များကို ဇူလိုင်လ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်