ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်အတွင်းရှိ ဇော်ဂျီမြစ်ပတ်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေး

ကျောက်ဆည် ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် အေးမြကြည်လင်ဈေးသို့  ပြည်သူများ အဓိကသွားလာသည့် ဇော်ဂျီမြစ်ပတ်လမ်းအား ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈.၅၆၂) သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ လမ်းအရှည်(၅၀၀)ပေအား အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကတ္တရာများ ခင်းပေးခဲ့ကြောင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းပေးခြင်းဖြင့် ဆူးကုန်းရပ်ကွက်အတွင်းမှ ပြည်သူများနှင့် မြို့ပေါ်ရက်ကွက်အသီးသီးတွင် နေထိုင်ကြသော ပြည်သူများ၊ အခြားလမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် အေမြကြည်လင်ဈေးသို့ သွားလာရာတွင်လည်းကောင်း၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဆောင်ရွက်ရာ၌  သွားလာရန် ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ ရတနာရွှေစင်လင်းလမ်း၊ ဖောင်ရွာရပ်ကွက်အတွင်းရှိ ရွှေသာလျောင်းတောင် အဝင်လမ်း၊ ကျောက်ဆည်-မင်းမွေးတောင်သုဿန်လမ်းများကိုလည်း ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခဲ့ကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)