မိတ္ထီလာ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခေတ္တခရိုင်ပညာရေးမှူး ဦးအောင်ဇော်ထွန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပွဲတော်အတွင်း ထည့်သွင်းကျင်းပသွားမည့် ပြပွဲ၊ ပြိုင်ပွဲများ၊ စာပေဟောပြောပွဲများ၊ ကြိုဆိုနေရာချထားရေး အစီအစဉ်များ၊ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားတွင် ကပြ ဖျော်ဖြေရေးအစီအစဉ်များ၊ ပြပွဲပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူများ ပါဝင်ဆင်နွဲနိုင်ရေး၊ ပါဝင်ဆင်နွဲသည့် ကျောင်းသားကျောင်းသူများအား လက်ဆောင်များ ပြန်လည်ပေးအပ်နိုင်ရေး၊ ပွဲတော်သို့ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာနိုင်ရေး၊ ပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်နိုင်ရေးစသည့် အစီအစဉ်များအား ရှင်းလင်းခဲ့သည်။ ၎င်းနောက် မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်က ပွဲတော်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးအား လုပ်ငန်းတာဝန်များ သတ်မှတ်ခွဲဝေချထားပေးခဲ့ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လုပ်ငန်းတာဝန်များ ခွဲဝေချထား ပေးမှုနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို သြဂုတ်လနောက်ဆုံးအပတ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖြစ်သည်။ အဆိုပါ ပွဲတော်တွင် စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြခန်းများ၊ ဖြေဖျော်ရေးများနှင့် အတူ စာအုပ်စျေးရောင်းပွဲတော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)