ဒေါပုံ ဇူလိုင် ၂၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ပျံ့နှံခြင်းမရှိစေရေးနှင့် ရောဂါအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဒေါပုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ရာ “ဒေါပုံမြို့နယ်အနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် လူနာများတွေ့ရှိခဲ့သည့်အတွက် အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရသည့် ဖြစ်စဥ်များဖြစ်ပေါ်လာလျှင် အချိန်နှင့်တပြေးညီ သတင်းရရှိရန်လိုအပ်ကြောင်း၊ ရပ်ကွက်များအတွင်းရှိ ရောဂါဖြစ်ပွားနိုင်သည့်အစား အသောက်ရောင်းချသည့်ဆိုင်များအား ယာယီပိတ်ထားရန်လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် မုန့်ဈေးတန်းများရှိ ရောင်းချနေသော အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်စေရန် အမြဲစစ်ဆေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ဈေးများနှင့် ရပ်ကွက်များအတွင်း နေ့စဥ်လှည့်လည်ကြေညာပေးရန်လိုအပ်ကြောင်း “ ဆွေးနွေးပြောကြားပါသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူးဒေါက်တာမျိုးမျိုးခိုင်က “ရပ်ကွက်များအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူရှိပါက အမြန်ဆုံးသတင်းပို့ပေးကြရန် လိုအပ်ကြောင်း၊ ရပ်ကွက်များအတွင်း နေအိမ်များသို့ အိမ်တိုင်ရာရောက် သုံးရေကန်များအတွင်း ဆေးခပ်ခြင်းများဆောင်ရွက်ရာတွင် Bleaching Powder ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဖျော်စပ်ရန်လိုအပ်ကြောင်းနှင့် အခြေခံပညာကျောင်းများတွင် နေမကောင်းသူ၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများရှိပါက ဂရုစိုက်စုံစမ်းရန်လိုအပ်ကြောင်း” ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ လတ်တလောဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)