တောင်ကြီး ဇူလိုင် ၂၅
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီးချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုနှစ်ရှမ်းပြည်နယ် အောင်ချက်အကောင်ဆုံးမြို့နယ်မှာ နောင်ချိုမြို့နယ်ဖြစ်ပြီး အောင်ချက်(၆၇.၂၁)ရာနှုန်းဖြင့် ပထမ၊ ကလောမြို့နယ်က (၆၂.၂၅)ရာခိုက်နှုန်းဖြင့် ဒုတိယ၊ ကျောက်မဲမြို့နယ်က (၅၇.၂၉)ရာနှုန်းဖြင့် တတိယရရှိခဲ့ပြီး ကျောင်းအနေဖြင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း တောင်ကြီးက(၇၆.၃၂)ရာနှုန်းဖြင့် ပထမ၊ အ.ထ.က-တီကျစ် ပင်လောင်းမြို့နယ်က (၇၅.၀၀)ရာနှုန်းဖြင့် ဒုတိယ၊ အ.ထ.က-ကျုံး ပင်းတယမြို့နယ်က (၇၅.၀၀)ရာနှုန်းဖြင့် တတိယအသီးသီးရရှိကြပြီး ယခုနှစ်တွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် WVEC-ကိုယ်ပိုင်ကျောင်းမှ (၉၀.၈၃)ရာနှုန်းဖြင့် ပထမ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ကမ္ဘောဇပညာရိပ်သာကိုယ်ပိုင်ကျောင်းမှ (၈၈.၉၈)ရာနှုန်းဖြင့် ဒုတိယ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ရတနာကိုယ်ပိုင်ကျောင်းမှ (၈၅.၉၄)ရာနှုန်းဖြင့် တတိယအသီးသီးရရှိအောင် ကြိုးစားခဲ့ကြသောမြို့နယ်၊ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ယူပါကြောင်းနှင့် ယခုရရှိထားသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းကြရန်နှင့် ယခုထက်ပို၍ အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ရာ ရှမ်းပြည်နယ်အတွင်း အောင်ချက်အကောင်းဆုံးမြို့နယ် (၃)မြို့နယ်ဖြစ်သည့် နောင်ချိုမြို့နယ်၊ ကလောမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် (၆)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၉)ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း အောင်ချက်အကောင်းဆုံး အခြေခံပညာ(၃)ကျောင်းဖြစ်သည့် အ.ထ.က(၄)တောင်ကြီး၊ အ.ထ.က - တီကျစ်ပင်လောင်းမြို့နယ်၊ အထက - ကျုံးပင်းတယမြို့နယ်နှင့် (၆)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၉)ဦးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောက ချီးမြှင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်းဖြစ်သည့် နောင်ချိုမြို့နယ် WVEC ကျောင်း၊ ကလောမြို့နယ် ကမ္ဘောဇပညာရိပ်သာကျောင်း၊ ကျိုင်းတုံမြို့နယ် ရတနာကျောင်းနှင့် (၅)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ(၁၉)ဦး၊ (၄)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ(၄၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးအား ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား တောင်ကြီးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးသာယာမှ(၆)ဘာသာဂုဏ်ထူးရှင် မအိန္ဒြာခင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇူလိုင်(၂၃)ရက် ညနေ့ပိုင်းက တောင်ကြီးမြို့ရုံးကြီးလမ်း၊ အစိုးရအဖွဲ့ရိပ်သာရှေ့နှင့် ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ရေနုတ်မြောင်းဖုံးများ ဆောင်ရွက်ရန်၊ ကားများရပ်နားရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)