ကျိုင်းတုံ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ကျေးရွာနေပြည်သူ လူကြီးလူငယ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေန်၊ ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေရေန်၊ မိမိ/ဒေသ/ နိုင်ငံတော်အကျိုးပြုမည့် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာအုပ်လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့နယ်အတွင်း ကျေးရွာများရှိ စံညီစာကြည့်တိုက်(၇)တိုက်အတွက် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသည့် စာအုပ် ၄၀၀ နှင့် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်များအား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်များထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)