အလုံ ဇူလိုင်လ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အ-ထ-က (၃) အလုံ၌ ဖွင့်လှစ်ထားသည့် ဟားခါးပညာရေးဒီဂရီကောလိပ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေးက ရာသီတုပ်ကွေးဆိုင်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး မြန်မာ့တိုင်းရင်းဆေးပညာ သိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း ပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းဆေးနှင့်ပတ်သတ်၍ သိရှိလိုသည်များမေးမြန်းဆွေးနွေးခြင်း၊ တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)