မိုင်းဖြတ် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စံ(၅)ရပ်ညီ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် ကျေးရွာရွေးချယ်ထားရှိမှုအခြေအနေများ၊ ရန်ပုံငွေရရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက လုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်မတည်ငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာစာကြည့်တိုက်ကို သတ်မှတ်လျာထားချက်ဖြစ်သည့် ကျေးရွာအုပ်စုဖြစ်သည့် အခြေခံပညာအလယ်တန်းကျောင်းနှင့် စာကြည့်တိုက်မရှိသေးသည့် နမ့်ယွန်းကျေးရွာကို စိစစ်ရွေးချယ်ခဲ့ပြီး ဆောက်လုပ်မည့် စာကြည့်တိုက်မှာ အလျား ၂၀ ပေ၊ အနံ ၁၅ ပေရှိ (RC)တစ်ထပ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)