ကျောက်ဆည် ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်(၁၀)နာရီက နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က သွေးလှူခြင်းသည် မွန်မြတ်သောလုပ်ငန်းဖြစ်ကြောင်းနှင့် သွေးလှူဒါန်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်တာဝန်ရှိသူများနှင့်အတူ သွေးလှူဒါန်းသည့် ကျောင်းသား/ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်တစ်ဦးချင်းစီအား ငွေကျပ်(၄၅၀၀)ကျပ်တန်ဖိုးရှိ ကြက်ဥများ၊ အားဖြည့်အဟာရအချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းခြင်းများ ပြုလုပ်ရာတွင် ရှေးဦးစွာ သွေးလှူဒါန်းမည့် ကျောင်းသား/ကျောင်းသူများအား ခန္ဓာကိုယ်အလေးချိန်ချိန်ခြင်း၊ သွေးချိန်ခြင်းနှင့် သွေးပေါင်တိုင်းတာခြင်း၊ သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ရာ အေသွေး(၁၄)လုံး၊ ဘီသွေး(၁၇)လုံး၊ အိုသွေး(၁၇)လုံး၊ အေဘီသွေး(၄)လုံး စုစုပေါင်း(၅၂)လုံး လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရကြောင်းနှင့် အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ချင်းနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)