နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ နာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ခေတ္တအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် နေပြည်တော် MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် နေပြည်တော်အတွင်း ထုတ်လုပ်မှုလုပ်ငန်းအသစ်များ ပေါ်ထွက်လာရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးရေး၊ ဒေသတွင်းကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးပွားလာစေခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်ပသွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများအဖြစ် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ MSME ထုတ်ကုန်များကို ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံကုန်ကြမ်းများကို တစ်နှစ်ပတ်လုံး ထွက်ရှိစေရေးနှင့် ပြည်တွင်းစာသုံးဆီဖူလုံစေရေးကို အလေးထားလုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းများ ပိုမိုထွက်ရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ MSME ထုတ်ကုန်များနှင့် စက်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ဝိုင်းဝန်းပူးပေါင်းပြီး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စွန့်ဦးတီထွင်လုပ်ငန်းများ၊ One Region One Product ထုတ်ကုန်များ ပိုမိုတိုးချဲ့ထုတ်လုပ်လာနိုင်ရေး၊ ပြည်ပဈေးကွက်နှင့် ချိတ်ဆက်တင်ပို့ရောင်းချနိုင်ရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)