နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ ပြောင်းရွှေ့လာသူများ စာရင်းပြုစုခြင်း၊ ပြောင်းရွှေ့ထွက်ခွာသူများစာရင်းပြုစုခြင်းတို့ကို ပြန်လည်စိစစ်ဆောင်ရွက်ရေးနှင့် ၎င်းတို့မှထွက်ပေါ်လာသည့် အချက်အလက်များအရ အိမ်ထောင်စုလူဦးရေစာရင်း ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရှိ/မရှိစာရင်းပြုစု၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်စေရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး မိမိတို့၏ကျရာကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များကို အလေးထားအကောင် အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေစာရင်းဇယားများကို အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် ပိုမိုတိကျမှန်ကန်သည့် အနာဂါတ်လူဦးရေနှင့် လူမှုစီးပွားအချက်အလက်များကိုခန့်မှန်းနိုင်ရန် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ကောက်ယူသွားမှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများတိကျမှန်ကန်စွာဖြေဆိုနိုင်ရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူး ဦးအောင်ခိုင်ဆွေက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမည့် အခြေအနေများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ လုပ်ငန်းတွင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော် သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)