အမရပူရ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် ရှီတောင်ကြီးမောက်မယ် သနပ်ခါးအလုပ်ရုံ၌ ယမန်နေ့နံနက်၉း၃၀ချိန်က အဆိုပါအလုပ်ရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ် ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်ပြီး ပရော်ဂျက်တာဖြင့် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် ပြည်သူများလေ့လာနိုင်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေသောလက်ကမ်းစာစောင်များကို အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲများကို တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာများနှင့်အလုပ်ရုံများပါမကျန် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)