နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဆုံမီးပွိုင့်အနီး ရန်ကုန်-မန္တလေးကားလမ်း‌ဟောင်းအနီးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းစီမံဆောင်ရွက်လျက်ရှိသည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ(၂) မြောင်းမကြီးနှင့် မပိုက်ကယ်ရိုးမှ စီးဆင်းလျက်ရှိသည့် သစ်တပ်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်း သဲနုန်းတူးဖော်ခြင်း၊ အမှိုက်ဆယ်ခြင်းလုပ်ငန်းများ၊ ရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များ ထပ်မံပိတ်ဆို့မှုမရှိစေရေးနှင့် ရေဝပ်မှုများမရှိစေရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနများမှ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ရေမြောင်းများအတွင်း သဲနုန်းများ တူးဖော်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို အမြဲမပြတ်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေများကို အလေ့အလွင့်မရှိစေရေးနှင့် စနစ်တကျသုံးစွဲစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ရေမြောင်းများ၊ ချောင်းရိုးများ ရေစီးရေလာကောင်းမွန်စေရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ မေတ္တာကန်သို့ရောက်ရှိပြီး ကန်အတွင်း ကြာပန်းပင်များ စိုက်ထည့်ထားရှိမှု၊  အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန်ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်ဝန်းကျင်တွင် ရာသီအလိုက်ပွင့်သည့် ပန်းပင်များ စိုက်ပျိုးထားရှိမှုများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး ကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရေး၊ ပန်းပင်များရှင်းသန်ရေးကို ဂရုစိုက်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သာယာလှပရေးနှင့် ရေလယ်ဘုရားကျောင်းဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ အရိပ်ရပင်နှင့် ပန်းအလှပင်များ ရှင်သန်ရေး၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေး၊ မြေယာရှုခင်းများ ထပ်မံဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။     

ထွန်းထွန်းဝင်း(ပြန်/ဆက်)