တောင်ကြီး ဇူလိုင် ၂၄
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ထူးချွန်ကျောင်းသား/သူများ၏စကားသံများကို အောက်ပါအတိုင်း ကြားသိခဲ့ရပါသည်-
ဒေါ်ယမင်းစု ညွှန်ကြားရေးမှူး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ပညာရေးမှူးရုံး
“ဒီကနေ့ကျင်းပတဲ့ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူကို ဆုပေးပွဲကျင်းပပေးရတဲ့ ရည်ရွယ်ချက်လေးတွေကို တင်ပြချင်ပါတယ်ရှင်။ ဂုဏ်ပြုထိုက်သူ ချီးမြှောက်ထိုက်သူ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူတွေကို ချီးမြှောက်ဖို့ရန်နှင့် နောက်မျိုးဆက်သစ်လူငယ်ကျောင်းသား/ကျောင်းသူတွေက အစ်ကိုကြီးအစ်မကြီး Senior တွေကို လေးစားအားကျ အတုယူနိုင်စေဖို့အတွက် ရည်ရွယ်ပြီးတော့မှ ဒီဆုပေးပွဲကြီးကို ကျင်းပရခြင်းဖြစ်ပါတယ်ရှင်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ၂၀၂၄ ခုနှစ်အနေနဲ့ အောင်ချက်ရာခိုင်နှုန်း ၅၀.၅၃ ရာခိုင်နှုန်းရှိပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာတော့ ၅၃.၅၄ ရာခိုင်နှုန်းရှိပြီးတော့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ ၃၆.၇၉ ရာခိုင်နှုန်းရှိပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ အောင်ချက်အနေနဲ့ ၄၉.၇၆ ရာခိုင်နှုန်းရှိပါတယ်။ ဂုဏ်ထူးရရှိမှုအခြေအနေကတော့ (၆)ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၂၉ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၄၅ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၉၀ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁၆၇ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၄၃၇ ဦး စုစုပေါင်းဂုဏ်ထူးရရှိသူကတော့ ၇၈၆ ဦးရှိပါတယ်ရှင်။ နိုင်ငံတော်အတွက် အားထားရတဲ့ သားကောင်းသမီးမွန်လေးတွေ ပေါ်ထွက်လာဖို့အတွက် အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသားများက ဆက်လက်ပြီးတော့ ဝိုင်းဝန်းပူးပေါင်းကြဖို့ နှိုးဆော်တိုက်တွန်းချင်ပါတယ်ရှင်။ နိုင်ငံတော်အတွက် အားထားရတဲ့ သားကောင်းသမီးမွန်လေးတွေ ပေါ်ထွက်လာဖို့အတွက် အစိုးရနှင့်အတူ ကျွန်မတို့ မိဘ၊ ဆရာ၊ ကျောင်းသားများက ဆက်လက်ပြီးတော့ ဝိုင်းဝန်းပူးပေါင်းကြ ပါမယ်ရှင်။
မအိန္ဒြာခင် (၆)ဘာသာဂုဏ်ထူးရှင် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း အေးသာယာမြို့
“ သမီး(၆) ဘာသာဂုဏ်ထူးရရှိအောင် ထက်၊ လယ်၊ မူ အတန်းငယ်တွေကတည်းက ဆရာဆရာမတွေ သင်ကြားပေးခဲ့တဲ့ သင်ခန်းစာတွေကို သေချာလိုက်နာ နားထောင်ခဲ့တယ်။ နောက် ဒီ Grade -12 ဖြေဖို့ အချိန်ဇယားတွေ ဆွဲခဲ့တယ်၊ ဆရာမတွေရဲ့ လမ်းညွှန်မှုတွေကိုလည်း လိုက်နာခဲ့တယ်၊။ ကိုယ့်ကိုယ်တိုင်လည်းကြိုးစားခဲ့ပါတယ်ရှင့်။ (၆)ဘာသာဂုဏ်ထူးရရှိတဲ့အတွက် အရမ်းကိုပျော်ပါတယ်ရှင့်။ အဖေနဲ့အမေအတွက်ကိုလည်း အရမ်းကိုဂုဏ်ယူပါတယ်ရှင့်၊ အဖေနဲ့အမေကိုလည်း ဒီလိုမျိုး (၆)ဘာသာဂုဏ်ထူးနဲ့ ကျေးဇူးဆပ်ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်မိပါတယ်ရှင့်။ ဆရာ ဆရာမတွေကိုလည်း ဒီလိုမျိုး(၆)ဘာသာဂုဏ်ထူးရအောင်၊ ကျောင်းအတွက်လည်း စံပြဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုဂုဏ်ယူမိပါတယ်ရှင့်၊ သမီးရဲ့ရည်မှန်းချက်ကတော့ ဆေးတက္ကသိုလ်တက်ပြီးတော့ ဆေးပညာကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူပြီး နိုင်ငံတော်ကအားထားရတဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်ရှင့်။ မောင်ငယ်ညီမငယ်တွေကို ပြောချင်တာကတော့ အခြေခံကိုပိုင်အောင်လုပ်ကြပါ၊ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါ။ ဘာသာတရားကိုလည်းမမေ့ပါနဲ့။ ကျန်းမာရေးနဲ့ညီညွတ်အောင်နေပြီးတော့မှ စာကိုတစ်စိုက်မတ်မတ်နဲ့ ကြိုးစားလုပ်သွားမယ်ဆိုလို့ချင်ရင်တော့ (၆)ဘာသာဂုဏ်ထူးရဖို့က တကယ်ကိုလွယ်ပါတယ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေကို မလျှော့ဘဲ စာကိုတစ်စိုက်မတ်မတ်ကြိုးစားပြီး အဖက်ဖက်က ထူးချွန်တဲ့ မောင်ငယ်ညီမငယ်လေးတွေဖြစ်အောင် ကြိုးစားကြပါလို့” ပြောချင်ပါတယ်ရှင့်။
မခင်ငြိမ်းစုကျော် (၆)ဘာသာဂုဏ်ထူးရှင် အခြေခံပညာအထက်တန်းကျောင်း၊ ရွာငံမြို့
“သမီး KG အတန်းလောက်ကနေစပြီးတော့ အခြေခံပိုင်အောင် အရင်ဆုံးသင်ယူခဲ့ရပါတယ်။ ဒီလိုသင်ပေးခဲ့တဲ့ ဆရာ/ဆရာမတွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင့်။ သမီးအနေနဲ့ Grade-12ရောက်တဲ့အခါမှာလည်း နေ့စဉ်နေတိုင်းပေါ့နော် နေ့စဉ်မနားဘဲနဲ့ စာတွေကို အပတ်တကုတ်သင်ယူခဲ့ရပါတယ်ရှင့်။ မြန်မာစာဆိုရင်လည်း အချိန်သပ်သပ် တစ်ပတ်ကို (၇)ချိန်လောက်ခွဲပြီးတော့ သင်ယူခဲ့ရပါတယ်ရှင့်။ အခုလို သင်ယူလို့ရအောင်လို့ သင်ကြားပေးခဲ့တဲ့ ဆရာ/ဆရာမတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ (၆)ဘာသာဂုဏ်ထူးရရှိခဲ့တဲ့အတွက်လည်း သမီးအရမ်းပျော်ပါတယ်ရှင့်။ ဒီလိုမျိုးဖြစ်လာဖို့ သမီးအရမ်းကြိုးစားခဲ့ရတာပါရှင့်။ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာတဲ့အတွက်လည်း သမီးတကယ်ကို ပျော်မိပါတယ်ရှင့်။ သမီးအနေနဲ့ ဆေးတက္ကသိုလ်တက်ဖို့ရည်ရွယ်ထားပါတယ်ရှင့်။ ဆေးတက္ကသိုလ်ကနေလည်း နိုင်ငံအကျိုးသယ်ပိုးနိုင်ဖို့အတွက်လည်း ကြိုးစားသွားပါမယ်ရှင့်။ အခု ဆက်ပြီးတော့ Grade-12 ဖြေဆိုမယ့် ကျောင်းသားတွေကို ပြောချင်တာကတော့ အခြေခံကို ပိုင်အောင်လုပ်ကြပါ၊ Grade-12 စာက တကယ်ကို နိုင်ငံတကာနဲ့အညီ ချိတ်ထားတာဖြစ်တဲ့အတွက် အရမ်းကိုကြိုးစားပြီးဖြေပေးကြပါ၊ ကြည့်ရုံနဲ့ အောင်တဲ့စာမျိုးမဟုတ်တဲ့အတွက်လည်း ကြိုးစားပေးကြပါလို့” ပြောကြားချင်ပါတယ်ရှင့်။
မောင်မြတ်သူဟိန်း (၆)ဘာသာဂုဏ်ထူးရှင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပင်လောင်းမြို့
“ဆရာ/ဆရာမတွေရဲ့ သင်ယူမှုတွေ၊ လမ်းညွှန်မှုတွေကို တစိုက်မတ်မတ် လိုက်နားထောင်တယ်။ အချိန်မှန်မှန်အိပ် အချိန်မှန်မှန်စား ပုံမှန်လေးကို တစ်ရက်စာတစ်ရက် ဖြေးဖြေးချင်းကိုလုပ်သွားပါတယ်ဗျ။ ပထမဆုံးအနေနဲ့ ယခုလို(၆)ဘာသာဂုဏ်ထူးရရှိတဲ့အတွက် အတိုင်းမသိကို ဝမ်းသာမိပါတယ်ဗျ။ ကြိုးစားအားထုတ်ခဲ့ရသမျှ အမောတွေအကုန်လုံးကိုလည်း ဒီပွဲကိုတက်ရောက်ခွင့် ရတာနဲ့တင်ပြေသွားပါပြီဗျ။ လက်ရှိရည်မှန်းထားတာကတော့ ဆေးကျောင်းတက်ဖို့ ရည်မှန်းထားပါတယ်ဗျ။ အဖေနဲ့အမေဂုဏ်ယူရတဲ့ နိုင်ငံတော်ကအားကိုးရတဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါမယ်ဗျ။ ကျွန်တော်တို့က ပထမဆုံးနှစ်ဖြစ်တဲ့အတွက် မေးခွန်းဟောင်းလည်းမရှိဘူး။ ပြီးရင်စာတွေက အစိမ်းသက်သက်ဖြစ်နေတဲ့အတွက် နဲနဲတော့အခက်တွေ့မိတယ်ဗျ။ ဒါပေမဲ့ ညီငယ်ညီမငယ်တွေကျတော့ မေးခွန်းဟောင်းတွေလည်းရှိလာမယ်၊ ပြီးရင်မေးခွန်းပုံစံကိုလည်း နဲနဲနားလည်လာမှာဖြစ်တဲ့အတွက် ပိုပြီးတော့အခွင့်အရေးအများကြီးရှိပါတယ်ဗျ၊ ဒါကြောင့်မလို့ လက်မလျှော့ကြဘဲနဲ့ ဇွဲလုံ့လကြီးကြီးနဲ့ ကြိုးစားမယ်ဆိုရင် ဒီထက်မကပိုပြီးတော့ အောင်မြင်နိုင်ပါတယ်လို့ ပြောကြားချင်ပါတယ်ခင်ဗျ။
မောင်နေလင်းထွန်း (၆)ဘာသာဂုဏ်ထူးရှင် အခြေခံပညာအထက်တန်းကျောင်း(ကြေးစားကုန်း) ညောင်ရွှေမြို့
“ ၆ ဘာသာ ဂုဏ်ထူးရဖို့ကြတော့ ဒီအတိုင်းအကုန်ခြုံပြောရမယ်ဆိုရင် တစ်ရက်စာကို တစ်ရက် ပုံမှန်လုပ်သွားရမယ်ဗျ။ ကျောင်းကသင်တဲ့ဟာကို သေသေချာချာလိုက်နားထောင်တယ်။ နားမလည်ရင်လည်း တစ်ခါတည်းထမေးတယ်၊ ပြီးတော့မှ တစ်ရက်စာကို တစ်ရက်ကျေအောင် လုပ်သွားတယ်။ တစ်ရက်စာကိုတစ်ရက်ကျေအောင်လုပ်ပြီးတော့မှ တစ်ပတ်ကုန်သွားရင် စနေ၊ တနင်္ဂနွေဆိုရင် ကိုယ့်တစ်ပတ်စာကို ပြန်ပြန်နွေးတယ်။ အဲဒီလိုနဲ့ တစ်လစာဆိုရင် တစ်လစာ ပြန်နွေးတယ်။ အဲဒီလိုနွေးရင်းနွေးရင်းနဲ့ တစ်နှစ်ပြည့်သွားတဲ့အခါမှာ စာတွေအကုန်လုံးက ကျေသွား သလိုမျိုး ဖြစ်သွားပါတယ်ဗျ။ စာကျက်ချိန်ကတော့ ည ၁၀ နာရီခွဲ၊ ၁၁ နာရီ အဲလောက်ထိပါဘဲ၊ မနက်ကျတော့ ၅ နာရီ အဲလောက်ဘဲဗျ၊ ပြီးတော့မှ ကျန်းမာရေးသေချာဂရုစိုက်တယ်၊ ဘုရားတရား လုပ်တယ်။ ၆ ဘာသာရရှိတဲ့အတွက် ပျော်တော့ပျော်ပါတယ်။ အကုန်ပင်ပန်းခဲ့ရသလောက်၊ အိပ်ရေးပျက်ခဲ့ရသလောက် အိပ်ရေးပျက်ရကျိုး ပင်ပန်းခဲ့ရကျိုးနပ်တယ်လို့လဲ ခံစားမိတယ်ဗျ၊ သားရှေ့ဆက်ပြီးတော့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်ဗျ။ ဘယ်လိုပဲပင်ပန်းပါစေ၊ ဘယ်လိုဘဲခက်ခဲပါစေပေါ့ ဒီဆယ့်နှစ်တန်းကိုကျတော့ ဒီတိုင်းသူများအပြင်ကနေ ပြောနေတဲ့စကားတွေကို နားမယောင်ဘဲနဲ့ ကိုယ့်စာကိုကိုယ်လုပ်ပြီး အပြင်စိတ်တွေမများဘဲ ကိုယ့်ကိစ္စကိုယ်လုပ်၊ ကိုယ့်စာကို ကိုယ်လုပ်ပြီးကြိုးစားကြပါ၊ လက်မလျှော့ကြပါနဲ့၊ ဇွဲမလျှော့ကြပါနဲ့၊ စာပုံမှန်လုပ်ကြပါ၊ ဘုရားတရားလုပ်ကြပါ၊ မိဘဆရာစကားနားထောင်ကြပါလို့ဘဲ” ပြောချင်ပါတယ်ဗျ။
မချောမြတ်နိုးခင် (၆) ဘာသာဂုဏ်ထူးရှင် ရတနာကိုယ်ပိုင်ကျောင်း၊ ကျိုင်းတုံမြို့
“ သမီးကတော့ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါတယ်။ ဆရာဆရာမတွေ သင်ကြားတဲ့အခါမှာလည်း ဂရုတစိုက်နားထောင်တယ်။ ပြီးတော့ Daily Revision တွေကိုလည်း နေ့တိုင်းလုပ်ဖြစ်ပါတယ်။ ဆရာ ဆရာမတွေရဲ့ ဆုံးမစကားကို နာခံတယ်။ မိဘတွေရဲ့သွန်သင်ဆုံးမမှုတွေကိုလည်း တစ်နှစ်ပတ်လုံး လိုက်နာခဲ့တယ်။ ဘုရားတရားလည်း အမြဲတမ်းလုပ်ဖြစ်ပါတယ်။ ညအိပ်ရာဝင်တိုင်း ဘုရားရှိခိုးတယ်။ ပြီးတော့ လပတ်စာမေးပွဲဖြေတဲ့အခါမှာလည်း အကောင်းဆုံးကြိုးစားပြီးတော့ ဖြေဆိုခဲ့ပါတယ်။ နေ့စည်ကျန်းမာရေးကို ဂရုစိုက်ခဲ့ပြီးတော့ လူရည်ချွန်တစ်ဦးဖြစ်လာဖို့အတွက်လည်း ကိုယ်ကာယ ကြံ့ခိုင်မှုတွေကိုလည်း နေ့စဉ်နေ့တိုင်း ပြုလုပ်ခဲ့ရပါတယ်ရှင့်။ ပြီးတော့ စာမေးပွဲဖြေနေစဉ် ကာလတစ်လျှောက်လုံးမှာလည်း ကျန်းမာရေးကောင်းဖို့အတွက်နဲ့ နေ့စဉ်နေ့တိုင်း တက်တက်ကြွကြွဖြစ်စေဖို့အတွက် အထူးဂရုစိုက်ခဲ့ပါတယ်။ အိပ်ရေးဝဝအိပ်တယ်။ ကျန်းမာတဲ့အစားအစာတွေစားတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးတွေ ပုံမှန်လုပ်ပြီးတော့ စာကိုဘဲ တစ်စိုက်မတ်မတ် ကြိုးစားသင်ယူခဲ့ပါတယ်ရှင့်။ သမီးအခုလိုမျိုး (၆)ဘာသာဂုဏ်ထူးရရှိတဲ့အတွက် အရမ်းဘဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်။ ဆရာဆရာမတွေ သင်ကြားပေးတဲ့ ဆရာဆရာမတွေ ဂုဏ်ကျေးဇူးနဲ့ အခုလိုပျိုးထောင်ပေးတဲ့ မိဘတွေရဲ့ ဂုဏ်ကျေးဇူးကို ဒီလိုမျိုး (၆)ဘာသာဂုဏ်ထူးကို ရယူပြီးတော့ ဆပ်ခွင့်ရတဲ့အတွက် အရမ်းဘဲ ပျော်ရွှင်မိပါတယ်ရှင့်။ အနာဂတ်မှာဆိုရင် နိုင်ငံတော်က အားကိုးရတဲ့ မိဘကအားကိုးအားထားပြုရတဲ့ ဆရာဝန်ကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားပါမယ်လို့ ဆန္ဒပြုလိုက်ရပါတယ်ရှင့်။ မောင်လေးညီမလေးတွေအနေနဲ့ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါ။ ဘာသာတရား ကိုလည်း မမေ့ပါနဲ့။ ကိုယ့်ရဲ့အကြီးအကဲတွေအပေါ်မှာ ရိုသေလေးစားမှု ရှိပြီးတော့ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်သွားမယ်ဆိုလို့ချင်ရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းသွားနိုင်မှာပါ။ အားလုံးပဲလာမယ့် စာမေးပွဲတွေမှာလည်း အကောင်းဆုံးဖြေဆိုနိုင်ပြီးတော့ လိုချင်တဲ့ ရည်မှန်းချက်တွေရကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်။
မောင်လျှံထက်အောင် (၆)ဘာသာဂုဏ်ထူးရှင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လောင်းမြို့
“ ကျွန်တော်အခုလိုမျိုး (၆)ဘာသာဂုဏ်ထူးရအောင် ဘယ်လိုကြိုးစားခဲ့လဲဆိုရင် ကျွန်တော်မနက်ဆိုရင် အစောကြီးထပါတယ်။ ပြီးတော့ ဒီအစောကြီးမထခင် ကျောင်းစစဖွင့်ခါနီးမှာ ကျွန်တော်အချိန်ဇယားတစ်ခုကို ဆွဲခဲ့ပါတယ်။ ဘယ်နှစ်နာရီမှာ ဘာလုပ်မယ်၊ ဘယ်နှစ်နာရီမှာ နားမယ်။ ဘယ်နှစ်နာရီမှာ စားမယ် ဘယ်နှစ်နာရီမှာ အိပ်မယ်စသဖြင့် အချိန်ဇယားဆွဲခဲ့ပြီးတော့ အဲဒီအချိန် ဇယားအတိုင်း လုံ့လဝီရိယရှိရှိနဲ့ ကြိုးစားထားပြီး ညဘက်အိပ်ချိန်ဆိုအိပ်တယ်၊ ထချိန်ဆိုထတယ်။ စာကျက်ချိန်ဆို စာကျက်ပြီးတော့ စားချိန်ဆိုစား အဲဒီလို ကျန်းမာရေးနဲ့ညီညွှတ်အောင်နေပြီးတော့မှ စာကိုတစ်စိုက်မတ်မတ်ကြိုးစားခဲ့ပါတယ်။ အခုလိုမျိုး (၆)ဘာသာဂုဏ်ထူးရခဲ့တဲ့အတွက် အလွန်ဘဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ပထမဆုံး ကျွန်တော့်ကိုကျွန်တော် ဂုဏ်ယူအားရမိပါတယ်။ ဒုတိယ အနေနဲ့ ကျွန်တော့်ရဲ့မိဘ နောက်ပြီး ကျွန်တော့်ဆရာပြီးတော့ ကျွန်တော့်ရဲ့မြို့၊ ကျွန်တော့်ရဲ့ ပြည်နယ်ကျွန်တော့်ရဲ့တိုင်း စတဲ့နိုင်ငံအဆင့်ထိ ကျွန်တော့်ကိုကျွန်တော် ဂုဏ်ယူမိပါတယ်။ အခုလို လူရည်ချွန်တစ်ယောက်ပါ ဖြစ်ရတဲ့အတွက်ကြောင့်မို့လို ပိုပြီးတော့တောင်မှ ဂုဏ်ယူမိပါတယ်။ ကျွန်တော်ကတော့ (၆)ဘာသာလဲရတယ်၊ အမှတ်ကလည်း နဲနဲလေးမြင့်တယ်ဆိုတော့ အခုဆေးကျောင်းကို တက်မယ်လို့စဉ်းစားထားပါတယ်ဗျ။ Grade 12 မှာ စာပေသင်ကြားနေတဲ့ ညီငယ်ညီမငယ်လေးတွေကို ပြောချင်တာကတော့ (၆)ဘာသာဂုဏ်ထူးရဖို့ဆိုတာကတော့ အရမ်းကြီး ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် နှစ်စကနေပြီးတော့ ကိုယ့်ကို ဘယ်အချိန်မှာစားမယ် ကျန်းမာရေးနဲ့ညီညွတ်အောင် နေပြီးတော့မှ စာကို တစ်စိုက်မတ်မတ်နဲ့ ကြိုးစားလုပ်သွားမယ် ဆိုလို့ချင်ရင်တော့ (၆) ဘာသာဂုဏ်ထူးဆိုတာ အလွယ်တကူ ရရှိနိုင်တဲ့အရာ တစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ အဲဒါကြောင့်မလို့ ညီငယ်ညီမငယ်တွေကို တစ်စိုက်မတ်မတ် ကြိုးစား ကြပါလို့ဘဲ ပြောချင်ပါတယ် ခင်ဗျ။
တွေ့ဆုံမေးမြန်းသူ- ဒေါ်နန်းသန္တာဦး
ဓာတ်ပုံရိုက်ကူးပေးပို့သူ- ဦးခွန်အာကာထွန်း