တိုက်ကြီး ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် တရားမဝင်ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ အထက်တန်းပြ ဆရာမ ဒေါ်ယုကလျာအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)