ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအုပ်စုအတွင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ကြသည့် ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား ဇူလိုင် ၂၄

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်များပါ ဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု၊ မိုင်းနားကျေးရွာအတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါမြစ်ရေတိုက်စားမှုကြောင့် မိုင်းနားကျေးရွာအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာတို့ရှိ နေအိမ်များအပါအဝင် စေတီတစ်ဆူပါ ကမ်းပါးပြိုကျမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အလားတူဖြစ်ရပ်ဖြစ်စဉ်များမှ ကာကွယ်နိုင်ရေး ရေရှည်စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်တွင် ပျက်ဆီးသွားသောနေအိမ်များ မိသားစုဝင်များနှင့်တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် မြစ်ရေကြီးမြင့်မှုသည် မေခမြစ်နှင့် မလိခမြစ်နှစ်ခုလုံး ကြီးမြင့်ခဲ့သဖြင့် စံချိန်တင်ကြီးမြင့်မှုဖြစ်စဉ်ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယနေ့ မြစ်ရေတိုက်စားမှုကြောင့် နေအိမ်ဆုံးရှုံးပျက်ဆီးခဲ့ရသည့် မိသားစုများအားလုံးအနေဖြင့် လိုအပ်ချက်၊ အခက်အခဲများစွာ ရှိနေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများအားလုံး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစု ၁၈ စု၊ လူဦးရေ ၁၀၉ ဦးတို့အတွက် တန်ဖိုးငွေကျပ် စုစုပေါင်း ၁၆၂၉၀၀၀ တန်ဖိုးရှိ တစ်အိမ်ထောင်လျှင် ဆန်(၁)အိတ်နှုန်းဖြင့် ဆန်အိတ်စုစုပေါင်း (၁၈)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၁၈)ဖာတို့အား လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးက ထောက်ပံ့သည့် အိမ်ထောင်စုတစ်ခုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံး (၁)ပုံးစီဖြင့် စုစုပေါင်း (၁၈)ပုံးကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် နေအိမ်များအပြင် ၎င်းတို့၏မြေနေရာဆုံးရှုံးမှုအပေါ် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါမြစ်ကမ်းပါးအား ပေ ၄၀၀၀ ကျော်အရှည်ရှိ ကမ်းထိန်းနံရံတည်ဆောက်ပေးနိုင်ရေး ကွင်းဆင်းတိုင်းထွာစစ်ဆေးတွက်ချက်၍ အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မြစ်ရေကြီးမြင့်မှုဖြစ်စဉ်သည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ အထက် ၁၄၀၆ စင်တီမီတာထိ စံချိန်တင်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အလားတူစံချိန်တင်မြစ်ရေကြီးမြင့်မှုဖြစ်စဉ်များကို ၁၉၇၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)