မင်္ဂလာဒုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကျင်းပ

မင်္ဂလာဒုံ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းလျက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကို အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦး‌ထူးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိုးသန်းက လူငယ်ရေးရာနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်အားကစားမှူးဒေါ်ခိုင်ဇာဝေက လူငယ်နှင့်အားကစားသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူ‌‌အာင်က သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် Biometric ကောက်ယူနေမှုနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်နိုင်မိုးက မိုးတွင်းကာလဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိုးအောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း စသည်ဖြင့်လူငယ်ရေးရာဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ မြန်မာ့သိုင်းအဖွဲ့နှင့် Fitness Dance အဖွဲ့တို့မှ သရုပ်ပြသ‌ခဲ့ကြပြီး သရုပ်ပြအဖွဲ့များအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းကျော်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလင်းတို့က ဂုဏ်ပြုဆု‌ငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး  မြို့နယ်အားကစားမှူး ဒေါ်ခိုင်ဇာဝေက အ.လ.က(၄)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်မေစံပယ်ဖြူနုထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အ.လ.က(၄)ကျောင်းသို့ တီရှပ်များနှင့်ဦးထုတ်များ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သန္တာဝင်းကကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အ.လ.က(၄)အခြေခံပညာအလယ်တန်းကျောင်း‌မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်၊ အရွယ်မရောက်သေးသော ကလေးငယ်များစစ်မှုထမ်းခြင်းလျော့နည်းရေးဆိုင်ရာ နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မင်းသိန်းထွန်း