ငါ့သရောက် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် နယုန်လဆန်းပိုင်းက စိုက်ပျိုးထားသည့်ကန်ရှိနှမ်းစိုက်တောင်သူများ နှမ်းများ အောင်မြင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
နှမ်းများ စိုက်ပျိုးရန်အတွက် မိုးဦးမ ကျခင်ကာလမှစတင်ကာ ယာမြေများကို ပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ ပေါင်းကောက်ခြင်းများပြုလုပ်ကာ ယာထွန်ခ တစ်မနက်လျှင် (၂၅၀၀၀)ကျပ်နှုန်းပေးရပြီး၊ ပေါင်းကောက်ငှားရမ်းခ တစ်မနက်ခင်း (၄၀၀၀) ကျပ်နှုန်းဖြင့် ယာခင်းကို ပြုပြင်ကာ နယုန်လဆန်းပိုင်း မိုးဦးကျသည့်အချိန်တွင် ကန်ရှိနှမ်းမျိုး တစ်ပြည် (၆၀၀၀) နှုန်းဖြင့် ပေးဝယ်ခဲ့ပြီး စိုက်ပျိုးခဲ့ကြောင်းနှင့်နှမ်းအပင် ဖြစ်ထွန်းအောင်မြင်ရန်အတွက် နှမ်းအားဆေး၊ နှမ်းပွင့်ဆေး သီးဆေးများကို အသုံးပြုကာ ယခုအချိန်တွင် နှမ်းအပင်ဖြစ် ကောင်းမွန်နေပြီး နှမ်းသိမ်းချိန် စျေးကောင်းရရန် ကျွန်တော်တို့ မျှော်လင့်နေကြကြောင်းနှင့် ကျွန်တော်တို့ဒေသမှာ ပြည်သူအများစုက နှမ်းဆီကို စားသုံးသူ မရှိသလောက်ပါဘဲ မြေပြဆီကို အဓိကထားပြီး စားသုံးကြပါတယ်။ ရရှိလာတဲ့ နှမ်းများကို ကျောက်ပန်းတောင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့များသို့ ပြန်လည်ရောင်းချကြပါတယ်၊။ မနှစ်က နှမ်းစျေးကတော့ တစ်တင်းကို ကျပ်(၁၂၀၀၀၀) ဝန်းကျင်ရောင်းချရပြီး ယခုနှစ်တွင်လည်း ကျွန်တော်တို့ နှမ်းစိုက်တောင်သူများအနေဖြင့် စျေးကောင်းရရှိဖို့ရန် မျှော်လင့်လျက်ရှိနေတယ်လို့ ငါ့သရောက်မြို့ ဖလန်ကန် ကျေးရွာ တောင်သူ ဦးမြင့်သိန်း ထံမှ သိရသည်။
ငါ့သရောက် (ပြန်/ဆက်)