တာမွေ ဇူလိုင် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များ၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာနဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးစသည်တို့မှတာဝန်ရှိသူများ၊ ဝန်ထမ်းဟောင်းများအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဘုရားအမှူးရှိသော ပင့်သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များ၏ လှူဒါန်းမှုအစုစုနှင့်ပတ်သက်၍ လျှောက်ထားခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ပင့်သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နန်းဦးပရဟိတဆရာတော် ဘန္ဒတဦးဇောတိကက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အနုမောဒနာတရားဟောကြားတော်မူခဲ့သည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမိသားစုများက လှူဒါန်းငွေကျပ်(၉၀၀၄၀၀/-)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမိသားစုများက လှူဒါန်းငွေကျပ်(၁၅၃၇၀၀၀/-)၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမိသားစုများက လှူဒါန်းငွေကျပ်(၄၀၀၀၀၀/-)၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမိသားစုများက လှူဒါန်းငွေကျပ်(၃၀၀၀၀၀/-)နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမိသားစုများက လှူဒါန်းငွေကျပ်(၁၄၂၀၀၀/-)ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ကျပ်(၃၂၇၉၄၀၀/-)ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)