တံတား ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့်(Book Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတအပြန်အလှန်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Book Club)အဖွဲ့ဝင် မခင်မာဌေးက “လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူငယ်တို့သည် ရိုးသားသည်၊ ဖြောင့်မတ်သည်၊ သတ္တိရှိသည်၊ ကိုယ်ကျိုးမငဲ့စတမ်း နိုင်ငံ့အကျိုးကိုဆောင်ရွက်ရန်စိတ်အားထက်သန်သည်၊။ ထိုသို့စိတ်ဓာက်အခြေခံကောင်းများရှိသော လူငယ်များအား နိုင်ငံတော်အတွက် အကျိုးပြုစွမ်းဆောင်နိုင်သော ပညာတက်များဖြစ်ပေါ်လာရေးကို လူကြီးများကပြင်ဆင်ပေးကြရန်လိုအပ်ကြောင်း၊ လူငယ်များကိုလည်း မိမိထက်တော်သော လူငယ်များဖြစ်ပေါ်လာအောင် စိတ်ရင်းမှန်မှန်သဘောထားပြည့်ပြည့်ဖြင့် လမ်းပြပေးရန်၊ လူငယ်များ၏တိုးတက်မှုကို မုဒိတာစိတ်ဖြင့်ရှုမြင်ရန်နှင့် လူငယ်များ၏ သတ္တိရှိမှု၊ ထက်မြက်မှု၊ သွက်လက်မှုတို့ကို အသိအမှတ်ပြုရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင် မထက်ထက်အောင်မှ “ကိုဘီအေမှမြကျွန်းညိုညိုအထိ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့ရာ တက်ရောက်လာသောစာပေဝါသနာရှင်များမှလည်း အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)