ကလော ဇူလိုင် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရာသီပေါ်နှစ်ရှည်သီးပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် ပိန္နဲသီးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်း ပိန္နဲသီးပင်စိုက်ပျိုးသူထံမှ သိရသည်။
“ကျွန်တော်တို့ ဒေသပိန္နဲသီးဟာ နှစ်ရှည်သီးနှံဖြစ်ပြီး ဒေသနဲ့ကိုက်ညီတဲ့ အပင်မျိုးဖြစ်ပါတယ်။ စိုက်ပျိုးရတာလွယ်ကူပြီး အခြားနှစ်ရှည်သီးနှံတွေထက် ပြုစုပျိုးထောင်ရတာ မခက်ခဲပါဘူး။ စိုက်ပျိုးချိန်မှစပြီး ၅ နှစ်မှ ၇ နှစ်အရွယ်ဆို အသီးစသီးပါတယ်။ တစ်ပင်ကို အလုံးရေ ၁၅ လုံးခန့် သီးပါတယ်။ တစ်နှစ်ထက် တစ်နှစ် ပိုသီးလာတယ်။ ၁၀ နှစ်ကြာအပင်တွေဆိုရင် အလုံးရေ ၃၀ မှ ၅၀ ကျော်အထိ သီးနိုင်ပါတယ်။ စတင်စိုက်ပျိုးအချိန်ပဲ မြေဆွေးထည့်စိုက်ရပြီး ကျန်တဲ့အချိန်မှာ မြေဩဇာမလိုဘူး ၂ နှစ်သား ၃ နှစ်သားအရွယ်မှစလို့ ပြုစုဖို့ သိပ်မလိုအပ်တော့ဘူး။ ခြံဝန်းကျယ်ကျယ်ရှိမယ်ဆိုရင် ပိန္နဲသီးပင်ကို စိုက်ပျိုးကြဖို့တိုက်တွန်းချင်ပါတယ်။ အသီးများ ရောင်းချရာတွင်လည်း ပြန်လည်ရောင်းချသူများက အိမ်အရောက်လာဝယ်ကြလို့ ကုန်ကျစရိုက်သက်သာပါတယ်။ ပိန္နဲသီးအရွယ်အစားအလိုက် ငါးထောင်ကျပ်မှ တစ်သောင်းကျပ်အထိ ရောင်းချရပါတယ်” ဟု ပိန္နဲသီးပင်စိုက်သူထံမှ သိရသည်။
ပိန္နဲသီးပင်စိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေပြီး လေကောင်းလေသန့်ရရှိနိုင်ကြောင်း၊ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)