ဒလ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက မေတ္တာလက်ဆောင်လှူဒါန်းသော လူထုသိပ္ပံကျမ်း အတွဲငါးတွဲစာအုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးမှ လှူဒါန်းထားသော စာအုပ်၊ စာစောင်များလှူဒါန်းပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းမှ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာဖတ်သူတိုးပွားလာစေရေး၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်စေလိုကြောင်း စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများ အလေးထားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က စာအုပ်၊ စာစောင်များကို ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက် ၈ တိုက်အား ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြသည်။
အေးမြမိုး(ပြန်/ဆက်)