မိုင်းပျဉ်းမြို့ အ.ထ.က(ခွဲ)ကျောင်းတွင် မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်းဘုရားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ထေရဝါဒကျောင်း ဆရာတော် အရှင်သီရိဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။  ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းမှ ပင့်သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး၊ ဆရာတော် သံဃာတော်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်  ထေရဝါဒကျောင်း ဆရာတော် အရှင်သီရိဓမ္မက ဝါဆိုမြတ်သင်္ကန်း ကပ်လှူရခြင်းအကျိုး တရားတော်များကို ချီးမြှင့်ဟောကြားပေး၍ ကုသိုလ်များကို ရေစက်ချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အ.ထ.က(ခွဲ)ကျောင်း ပညာရေးမိသားစု၏ ၂၀၂၄ ခုနှစ် ဝါတွင်းကာလ မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)