တာချီလိတ်မြို့ ရွှေဝါနဒီပန်းခြံ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

တာချီလိတ် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စည်ပင်သာယာရေးဌာနပိုင် ရွှေဝါနဒီပန်းခြံအား အများပြည်သူအပန်းဖြေအနားယူနိုင်သည့် ပန်းခြံအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ပန်းခြံတည်ဆောက်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။

အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ နမ့်ခမ်းမြို့၊ ဇေယျသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ နယ်စပ်နှင့်တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်သော အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုပြီး သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရှောင်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ လှူဒါန်းခဲ့သည့် မြို့မိ၊ မြို့ဖများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဓမ္မ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးညီညီသန့်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ ခေတ္တ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များအား ရိုက်သွင်းခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)