ကျောက်ဆည်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျောက်ဆည် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျောက်ဆည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ရာ ဆရာ၊ ဆရာမများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများတွင်ကဏ္ဍအလိုက် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန်၊ အသိပညာဗသုတရရှိရေးကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊ ကျောင်းတွင်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ထူးချွန်သူများ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးရေး အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြိုင်ပွဲများကျင်းပခြင်း၊ ပြခန်းများပြသခြင်း၊ စာအုပ်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်၊ စာပေဟောပြောပွဲများကျင်းပခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ စသည်ဖြင့်ကဏ္ဍအလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အထက်တန်း(ခွဲ)၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများမှ ပြိုင်ပွဲများ၊ ပြခန်းများပါဝင်ဆောင်ရွက်မည့်အခြေအနေများနှင့် ဖျော်ဖြေရေးအစီစဉ်များကို ကဏ္ဍအလိုက်ပူးပေါင်းဆောင် ရွက်မည့်အခြေအနေများကို အမှတ်ပေးစည်းမျဉ်းများ စနစ်တကျရေးဆွဲရေး ပြန်လည်ဆွေးနွေးခဲ့ရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)