ပေါင် ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်ရှိ အန္တရာယ်ရှိသောနေရာများအား သွားရောက်ရေကစားခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရေတံခွန်များ၌ စတင်ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုကိုနှင့်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရေတံခွန်နှင့်ပတ်သက်သည့်တာဝန်ရှိသူများက "အန္တရာယ်ရှိသည် ဖြတ်သန်းသွားလာခြင်းမပြုရ" ဆိုင်းဘုတ်များကို ရေတံခွန်များ၏အန္တရာယ်ရှိသည့်နေရာများတွင် သွားရောက်၍ သတိပေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြသည်။
ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မိုးတွင်းကာလဖြစ်သည့်အတွက် ရေစီးသန်သည့်နေရာများတွင် ရေစီးနှင့်အတူမျောပါနိုင်ခြင်း ရေစီးသန်နေသောကြောင့် ကျောက်ကြားတွင်ညှပ်၍ မမျှော်မှန်းနိုင်သော အသက်ဆုံးရှုံးမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ သတိပေးဆိုင်းဘုတ်များ စိုက်ထူရခြင်းဖြစ်ကြောင်းသိရသည်။
မွန်မလေး (ပြန်/ဆက်)