ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာ‌ပေး ဟောပြောပွဲဆောင်ရွက်

ပုံပါကျင် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာခေတ္တ မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်က ဟောပြောပွဲကျင်းပ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ပုံပါကျင် နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ဌေးက လူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊  လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှု ခံရသူများ၏ ခံစားရသည့်ဒုက္ခများကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ခြင်းသည် ပညာဗဟုသုတ တိုးပွားစေသည်သာမက စိတ်စေတနာကောင်းများကို နှိုးဆော်ပေးတတ်သော စိတ်အာဟာရကိုလည်း ပြည့်ဝစေပြီး ဉာဏ်အမြော်အမြင်ကိုလည်း ကြီးမားစေကာ ရှေးလူကြီးသူမများ၏ အယူအဆ အကောင်းအဆိုးများ အတွေ့အကြုံကောင်းများကို အတုယူမှတ်သားသည့်အပြင် စာဖတ်ခြင်းဖြင့်  မိမိအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ခြင်းရလဒ်များကို ရရှိစေသဖြင့် ယင်းအကျိုးကျေးဇူးသည် ဘဝတစ်သက်တာအတွက် ဆုလာဘ်ပင်ဖြစ်ပါကြောင်း စာဖတ်ခြင်း အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာရှိ ပြည်သူများက ပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)