ပြည်ကြီးတံခွန် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ သင်ပန်းကုန်းရပ်ကွက်၊ မိခင်နှင့်ကလေးဆေးပေးခန်း၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ်သန်းခေါင်စာရင်း ကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သွင်က သန်းခေါင်စာရင်း ကောက်ယူသည့် ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ကောက်ယူမည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်း မေးခွန်းများအား အကျယ်တဝင့် အသိပညာပေး ဟောပြောပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များကို သန်းခေါင်စာရင်းကော်မတီဝင်များက တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)