သာစည် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်မှစာရေးဆရာများနှင့် ကျောင်းသားလူငယ်များ ပါဝင်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး (စာရေးဆရာခန့်စစ်အောင်)က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ကျောင်းသား/သူများအနေဖြင့် မိမိတို့သိရှိလိုသည်များကို ပါဝင်မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ အောင်ပိုင်၊ စာရေးဆရာဝေးရင့်သီနှင့် စာရေးဆရာ ဆူးဖြူတို့က သုတရသစာပေများအကြောင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးပြီး စာဖတ်ကြရန် ပြောကြားသည်။ ထို့နောက် ကျောင်းသားလူငယ်များက ဖတ်သင့်သည် စာအုပ်များရွေးချယ်မှု၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ ဘဝအောင်မြင်မှုတို့နှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ စာရေးဆရာများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ ရသလမ်းဆုံ စာဖတ်ဝိုင်းကို တစ်လလျှင် တစ်ကြိမ်ပြုလုပ်ပြီး မြို့နယ်မှစာရေးဆရာများက စာပေနှင့်ပတ်သက်၍ ကိုယ်တိုင်ရေးသားထားသည်များနှင့် အခြားသော စာရေးဆရာများ ရေးသားထားသည့် စာပေအကြောင်းအရာများကို မျှဝေခံစားပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် စာပေဝါသနာရှင်များကို စာများများ ဖတ်ကြရန် တိုက်တွန်းပြောကြား ခြင်းနှင့် စာရေးသားနည်းများကို မျှဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မှ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)