ကော့မှူး ဇူလိုင် ၂၄
ကော့မှူးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က (မြို့သစ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က (မြို့သစ်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိမိက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူလူ ငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း စာအုပ်စာပေများချစ်မြတ်နိုးပြီး ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုလိုခြင်းများဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့လာရောက်၍ ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေများလေ့လာ ဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန် ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့် ပတ်သက်သောအကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံ ကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)