ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာကြည့်တိုက်အဆောက်အအုံသစ်ဆောက်လုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာကြည့် တိုက်အဆောက်အအုံအသစ် ဆောက်လုပ်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ညောင်ဦးမြို့နယ်အတွင်း စာကြည့်တိုက်အဆောက်အအုံအသစ်တည်ဆောက်မည့် နတ်ပလင်ကျေးရွာနှင့် သူကောင်းတည်ကျေးရွာစာကြည့်တိုက်နှင့် ပြန်လည်ပြုပြင်မွမ်းမံမည့် လက်ပန်း ခြေပေါ်ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရာတွင် အနီးကပ်ကြီးကြပ်နိုင်ရေး မြို့နယ်အဆင့်ကော်မတီဖွဲ့စည်းထားမှုတို့အားအမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခိုင်မာစာကြည့်တိုက်များ ဖြစ်ပေါ်စေရေးနှင့် မြေပြင်တွင်ရှင်သန် လှုပ်ရှားစာကြည့်တိုက်များဖြစ်ပေါ်စေရေး၊ စံညီစာကြည့်တိုက်များ အစဉ်ဖွံ့ဖြိုးတိုးတက်စေရေးတို့အား ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း