ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ဒဂုံမြောက်  ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(‌မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်နှင့်တိုင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် အမှတ်(၂၈)ရပ်ကွက် အောင်မင်္ဂလာလမ်းရှိနေအိမ်သို့  ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ  ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားခဲ့သည့် လူနာနေအိမ်နှင့် ဘေးပတ်ဝန်းကျင်နေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်နှင့်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး Doxycycline ဆေးတိုက်ခြင်း၊ ကလိုရင်းဆေး ဖြန်းပေးခြင်း၊ အိမ်ခြံဝင်းအတွင်း ထုံးဖြူးခြင်း၊‌ ရေကန်များဆေးခတ်ခြင်းနှင့် ဆက်လက်ကူးစက်ပြန့်ပွားမှုများမရှိစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(‌မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်းဝမ်းပျက်ဝမ်းလျှောကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်း၊  ဗွီနိုင်းချိတ်ဆွဲခြင်း၊ ထုံးဖြူးခြင်း၊ ရေကန်များအတွင်း ကလိုရင်း‌ခတ်ပေးခြင်း၊ အသိပညာပေးခြင်းများကို ရပ်ကွက်(၂၇)ခုတွင် စဉ်ဆက်မပြတ် ဆောင်ရွက်‌ပေးလျက်ရှိသည်။

မြင့်မြင့်ရီ