ဒဂုံတောင် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့်လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများစသည့် ပြည်သူများစုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၇ နာရီမှစတင်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုထွန်းဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မြို့နယ်အတွင်းရှိ (၂၀) ရပ်ကွက် ဖူးကြီးလမ်းရှိ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ဝင်းအတွင်းရှိ ဝန်ထမ်းမိသားစုလိုင်းခန်းများ၌ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ပေးခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲပေးခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောက်များ ဖြန့်ဝေပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောပေးခြင်းနှင့် သောက်သုံးရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
သန်းသန်းအေး