ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မွေးမြူရေးဇုန် ဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု

ပင်းတယ ဇူလိုင် ၂၃

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းတွင် အဓိကအခန်းကဏ္ဍဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍသည် အ‌ရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းတွင်းအတွင်း မွေးမြူရေးဇုန် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ယမန်နေ့ နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ပြည်နယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

မွေးမြူရေးဇုန်ဆောင်စီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြေယာ၊ လျှပ်စစ်မီး၊ ရေ၊ လမ်း စသည့် ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ မွေးမြူရေးဇုန်ဆောင်ရွက်မည့် မြေနေရာအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပင်းတယ(ကျုံး) စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ရာ ကျောင်းရှိ လက်တွေ့ဆောင်ရွက်မည့် စက်မှုခန်း၊ စိုက်ပျိုးရေးခန်းတို့အား လှည့်လည်ကြည့်ရှု၍ စက်မှုပထမနှစ်၊ စိုက်ပျိုး ပထမနှစ် စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြား၍ ကျောင်းအတွက် လိုအပ်မည့်နေရာတွင် အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။

အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ကျုံး)တွင် စက်မှုပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး၊ စိုက်ပျိုးရေး (၃၀)ဦး၊ မွေးမြူရေး (၁၅)ဦး စုစုပေါင်း (၁၃၅)ဦး၊ ဒုတိယနှစ် စက်မှု (၈၉)ဦး၊ စိုက်ပျိုး (၃၀)ဦး၊ မွေးမြူ (၃၀)ဦး၊ စုစုပေါင်း (၁၄၉)ဦး တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ရွှေတက်လမ်း အာလူးအအေးခန်းအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများမှ ရှင်းလင်းကြပြီး စက်ရုံတောင်သူများက လိုအပ်သည်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် MSME ထုတ်ကုန်ဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းဖြစ်သော ပင်းတယမြို့နယ်တွင် ဦးခွန်သာဝင်း၊ ဖြိုးတံဆိပ်ဖြင့် ဆီကြိတ်စက်၊ အမှုန့်ကြိတ်စက်၊ အမေ့အိမ်ဆေးဖက်ဝင် ဓာတ်စာလုပ်ငန်းနှင့် မြကျောက်လက်ဖက်ခြောက်လုပ်ငန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးဆီကြိတ်စက်မှ ထွက်ရှိလာသော ဆီများကို ဒေသအတွင်း စားသုံးဆီအဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး (၁)ရက်လျှင် ဆီ (၁၀)ပိဿ, ပုံး(၅)ပုံး ထွက်ရှိကြောင်းနှင့် အမှုန့်ကြိတ်စက်မှလည်း ဆနွံမှုန့်၊ ကြက်စာ၊ ဝက်စာများနှင့် ဆန်များလည်း ကြိတ်ပေးကြောင်းသိရပြီး အမေ့အိမ်ဆေးဖက်ဝင်ဓာတ်စာများသည် မြန်မာနိုင်ငံဒေသများကို ဖြန့်ဖြူးရောင်းချပေးသည့်အပြင် နိုင်ငံခြားကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)