မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ သွားလာရ အဆင်ပြေစေရေး   မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း  ဆောင်ရွက်

မိတ္ထီလာ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား  ကတ္တရာခင်းခြင်းလုပ်ငန်း   ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။

မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေ ၁၆၉.၂၆၀ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် ၀/၄ မိုင် အကျယ် ၁၂ ပေ ထု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို မေလ ၂၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

အဆိုပါ မြို့ရှောင်လမ်းမှ ပျော်ကုန်း- အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက မုန်ပင်ဆည်၊ ပျော်ကုန်း၊ အုတ်ဖို၊ ကန်တောင်၊ ထနောင်းတောကျေးရွာများမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)