ရန်ကုန် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ခံကြီးကြပ်ရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆုံဆည်းရာပရဟိတအသင်းတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိ မော်တင်ယာယီဈေးရပ်ကွက် ကမ်းနားဥပစာလမ်းလှည်းတန်း အမှတ် (၂) ဆိပ်ခံဗောတံတားရှေ့နှင့် လှည်းတန်းအမှတ် (၂) ဆိပ်ခံဗောတံတားတွင်ဆိုက်ကပ်လျက်ရှိသော သင်္ဘောများပေါ်တွင် ဝမ်းပျက်/ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဆို င်းဘုတ်များချိတ်ဆွဲခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဓါတ်ဆားထုပ်များ ပေးဝေခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)