မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မဟာသစ္စာအာင်မြေဘုန်းတော်ကြီးကျောင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

မင်္ဂလာဒုံ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ် ပတ္တမြားကျေးရွာရှိ မဟာသစ္စာအောင်မြေဘုန်းတော်ကြီးကျောင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ခရိုင်/မြို့နယ်အဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာ ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့က Chlorination ပြုလုပ်ပုံအဆင့်ဆင့်အား သရုပ်ပြသင်ကြားခြင်း၊ stock solution ပြုလုပ်ပုံအဆင့်ဆင့်အား သရုပ်ပြသင် ကြား‌ပေးခြင်း၊ Mass Chlorination ပြုလုပ်ခြင်း၊ သောက်ရေများအား water purification tab များထည့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ Hand speaker များဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အိမ်သာများအား ယင်လုံအိမ်သာများအဖြစ် ပြုလုပ်ဆောင်ရွက်ကြရန်၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးပေးပြုလုပ်ရန် စသည်တို့အား ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်သည် တာဝန်ရှိသူများလိုက်ပါလျက် မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုများနှင့် စပ်လျဉ်း၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း