ချမ်းမြသာစည် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက အဖွင့်အမှာစကား ပြောကြားပြီးရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်း၏ ရည်ရွယ်ချက်မပျောက်စေရေး စနစ်တကျကြီးကြပ် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ မိမိတို့၏ ဒေသအခြေအနေများအရ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။ အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းသည် သီးနှံစိုက်ဧကများ အထွက်နှုန်းတိုးစေရေးအတွက် သွင်းအားစုများအား တောင်သူများထံသို့ ချေးငွေအသွင် ပံ့ပိုးပေးပြီး တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်စေမည့် စီမံကိန်းဖြစ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအဆင့် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့