ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအတွက် ထုတ်လွှင့်ထားသည့် Website မိတ်ဆက်ပွဲအခမ်းအနားနှင့် မြေသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနားဇူလိုင်၂၃

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် သတင်းအချက်အလက်နှင့် လုပ်ထုံးလုပ်နည်းများ၊ ဝန်ဆောင်မှုများအား Online မှတစ်ဆင့် လွယ်လင့်တကူ ကြည့်ရှုလေ့လာနိုင်ရေးအတွက် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Website (www.kcsic.gov.mm) ထုတ်လွှင့်နိုင်ခဲ့ပြီး အဆိုပါ website မိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် သည်။

အဆိုပါ website မိတ်ဆက်ပွဲအခမ်းအနားတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် ပါဝင်သည့် ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဦးတည်ချက်နှင့်အညီ ယနေ့ မိမိတို့ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အတွက် ကျယ်ကျယ်ဝင့်ဝင့်သိရှိလေ့လာနိုင်မည့် website ကို ထုတ်လွှင့်ပြီး ဖြစ်ပါကြောင်း၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဝက်(ဘ်)ဆိုဒ် (www.kcsic.gov.mm) ကို ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဝက်(ဘ်)ဆိုဒ်မှတစ်ဆင့် ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဝက်(ဘ်)ဆိုဒ်တွင် လွှင့်တင်ထားသည့် ကချင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဗီဒီယိုခွေအား ထုတ်လွှင့်ပြသမှုကို ပြည်နယ်ဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက လွှင့်တင်ထားသည့် website ပါ မြန်မာ-အင်္ဂလိပ် (၂) ဘာသာဖြင့်ထုတ်လွှင့်ထားသည့် သတင်းအချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဥပဒေ၊ နည်းဥပဒေများစာအုပ်များ၊ ပြည်နယ်ကော်မတီနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးကဏ္ဍတိုးတက်မြှင့်မားရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် တင်ပြလျှောက်ထားသည့် မြေယာများနှင့်စပ်လျဉ်း၍ မိမိတို့ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်း၊ ဗဟိုကော်မတီ၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ‌ရေးကော်မတီအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ အလေးထား လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကော်မတီသို့ တင်ပြလျှောက်ထားလာသည့် မြေယာအမှုတွဲများအလိုက် ရှင်းလင်းတင်ပြရာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ကော်မတီတွဲဖက်အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ အမှုတွဲတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအမှုတွဲများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)