နေပြည်တော် ဇူလိုင် ၂၃
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပမည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးဟန်သူ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို နေပြည်တော်ကောင်စီအနေဖြင့် နှစ်စဉ် ဂုဏ်ပြုပွဲကျင်းပပြုလုပ်၍ ဆုများချီးမြှင့်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယခင်နှစ်များကဲ့သို့ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲသည် သင်ရိုးသစ် Grade 12 ရဲ့ ပထမဦးဆုံးအကြိမ် စစ်ဆေးခဲ့သည့် စာမေးပွဲဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်သည် ၆၃ ဒသမ ၈၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရရှိခဲ့တာကြောင့် အောင်ချက်အနည်းငယ် ကျဆင်းသွားသော်လည်း ဂုဏ်ထူးရှင်အရေအတွက်မှာ သိသိသာသာများပြားလာပြီး ခြောက်ဘာသာဂုဏ်ထူးရှင်(၂၉)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၆၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၈၅)ဦးအထိ ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဒါကြောင့် ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်အသီးသီးအနေဖြင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)