ကျိုက်မရောမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့်အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းဖွင့်

ကျိုက်မရော   ဇူလိုင်  ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင်  ကျိုက်မရောမြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးနှင့် ဒုတိယဦးစီးမှူးဒေါ်အေးအေးမော်တို့က စာကြည့်တိုက်အဓိပ္ပာယ်နှင့် စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းများ၊ စာအုပ်စာစောင်ထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို စာတွေ့လက်တွေ့သင်ကြားပြသပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို တက်ရောက်လာကြသည့်သင်တန်းသူ၊ သင်တန်းသားဆရာ၊ ဆရာမများက စုဖွဲ့ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာကြည့်တိုက်သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အထက်တန်းကျောင်းခွဲများမှ ဆရာမကြီးများနှင့်စာကြည့်တိုက်တာဝန်ခံ ဆရာ၊ ဆရာမ စုစုပေါင်း(၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၂)ရက်ဖြစ်ကြောင်း သိရသည်။

မိချို(ပြန်/ဆက်)