တွံတေး ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့ နံနက်(၁၀)နာရီက ဂယက်လမီးကျေးရွာအုပ်စု၊ မယ်ပြေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မယ်ပြေ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(မယ်ပြေ)ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိဥာဏ်ပညာ၊ ဗဟုသုတများပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆိုဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များရရှိစေရေး၊ လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့်ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ Grade-10 မှ မသီရိစံက လူငယ်နှင့်စာပေ၊ Grade-10 မှ မဆောင်းသဇင်အောင်က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-10 မှ မောင်ထွဋ်ထွဋ်က လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မှ မဆုဝတီကျော်က လူငယ်နှင့်စာရိတ္တ၊ ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးစံသိန်းကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် ပြန်/ဆက်ဦးစီးဌာနမှ သုတစာအုပ်l(၅၀)အုပ်ကိုဦးစီးအရာရှိဦးသက်ဦးက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တက်ရောက်လာသူများ၊ ပါဝင်ဆွေးနွေးသူများ၊ မေးမြန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များအား ပြသထားရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား