နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ချောင်းမကြီးဆည်နှင့် ငလိုက်ဆည်တို့မှ မြို့ရေပေရေးကိစ္စများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော် ဇူလိုင် ၂၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ချောင်းမကြီးဆည်နှင့် ငလိုက်ဆည်တို့မှ မြို့ရေပေးရေးကိစ္စများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ မြို့နယ်အတွင်း ရေဆိုးထုတ်မြောင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး စီမံဆောင်ရွက်စေလိုကြောင်း၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို အမြဲမပြတ်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေများကို အလေ့အလွင့်မရှိစေရေးနှင့် စနစ်တကျသုံးစွဲစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ရေမြောင်းများ၊ ချောင်းရိုးများနှင့် ရေဆိုးထုတ်မြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ ဒိုက်များ ရှင်းလင်းဖယ်ရှားရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)