နေပြည်တော် ဇူလိုင် ၂၃
နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ မိသားစုများ၏ စုဒ္ဒသမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး အမှူးပြုသော ပရိတ်သတ်များက နေပြည်တော်လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်တို့က နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)