ဒဂုံတောင် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့်နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများကို ယမန်နေ့က အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကြီးကြပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သီတာဦးနှင့် ဦးစီးအရာရှိဒေါက်တာရဲထက်တို့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေနှင့် ကျန်းမာရေးဝန်ထမ်းများအား လတ်တလောဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်ဆွေးနွေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေက လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးသည်။ ဆက်လက်၍ အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သီတာဦးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ပူးပေါင်းအဖွဲ့လိုက်ပါကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရာ လူနာနေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များသို့ကွင်းဆင်းကာ လိုအပ်သည်များ အသိပေးလမ်းညွှန်မှုများ ပြုလုပ်သည်။
ထို့နောက် အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြို့နယ်(၂၂)ရပ်ကွက်ပျံကျဈေးနှင့် မင်းကွန်းဈေးများသို့ ကွင်းဆင်းကာ ကျန်းမာရေးအသိပညာပေး ဗီနိုင်းများချိတ်ဆွဲပေးကာ ဈေးရောင်းချသူများအား ရောဂါမဖြစ်စေရေး စနစ်တကျသန့်ရှင်းစွာ ရောင်းချကြစေရေး အသိပညာပေးခြင်းနှင့် လိုက်နာရမည့်အချက်များကို မှာကြားဆွေးနွေးကြောင်း သိရှိရသည်။
သန်းသန်းအေး