ကလော ဇူလိုင် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကလောမြို့နယ်၊ မြင်းစိုင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကျော့ကေခိုင်ထွန်းက လူငယ်ရေးရာအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျော့ကေခိုင်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး မြင်းစိုင်းကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-10 ကျောင်းသား အောင်မျိုးမင်းခန့်က "လူငယ်နှင့်မူးယစ်ဆေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်ဟန်ထူးလွင်က "လူငယ်နှင့်ဆိုရှယ်မီဒီယာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဖိုးလမင်းက "လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မချိုဝမ်စိုးက "လူငယ်နှင့်အားကစား"ခေါင်းစဉ်နှင့် Grade - 10 ကျောင်းသူ မထက်ထက်အောင်က "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်ကျသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်၊ ဦးစီးအရာရှိ ဒေါ်ကျော့ကေခိုင်ထွန်းနှင့် ပါဝင်ဆွေးနွေးသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ မြင်းစိုင်းကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၁၈၅) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက် )