ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်‌ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကျင်းပ

ဒဂုံတောင် ဇူလိုင် ၂၃

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ၅၅ရပ်ကွက် လူငယ့်ရှေ့ဆောင်စာကြည့်တိုက်သို့ စာအုပ်များထပ်ဆင့်လှူဒါန်းပွဲနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စည်းစနစ်ကျသော စာကြည့်တိုက်ကောင်းများ ဖြစ်ပေါ်စေရေးတို့အတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီအားပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်တာဝန်ခံများအနေဖြင့် စာဖတ်သူတိုးပွားရေး၊ စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးတို့အတွက် ရပ်ကွက်ကျေးရွာ တာဝန်ရှိအဖွဲ့အစည်းများနှင့် အမြဲမပြတ်ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဝေက ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းနွေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးတေဇာထွန်းက စာပေဝါသနာပါသော စာပေချစ်သူတစ်ယောက်ဖြစ်ကြောင်း ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြို့းတိုးတက်ဖို့လိုကြောင်း ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေး အလေးထားပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်လည်း လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလေးအနက် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး ၅၅ရပ်ကွက် လူငယ်ရှေ့ဆောင်စာကြည့်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ လှူဒါန်းသည့် သုတ၊ ရသ စာအုပ်မျိုးစုံ (၃၀)အုပ်ကို ထပ်ဆင့်ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်မှူးဦးမင်းခိုင်က လက်ခံရယူကြောင်းသိရသည်။

နေမျိုးအောင် (ပြန်/ဆက်)