ဥတ္တရသီရိ ဇူလိုင် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်သင်ကြားရာ သင်တန်းနည်းပြများအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဦးစီးအရာရှိ ဒေါ်မြစန်းရီတို့က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ(နမူနာ)၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မျိုးတူစုပညာရပ်များ စသည်တို့ကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများ စုစုပေါင်း ၆၀ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)