ပူတာအို ဇူလိုင် ၂၃
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ဗျူဟာ (အခြေချ) ပူတာအိုဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက် နံနက် ၆ နာရီခွဲတွင် မြို့မရပ်ကွက်ရှိ ပူတာအိုမြို့တွင် ခရီးသွားဧည့်သည်များ အဓိကဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် နံနက်မိုးမလင်းဈေးသို့ သွားရောက် ပြီး နံနက်ဈေး၌ ဈေးဝယ်လာရောက်သူများ၊ ဈေးရောင်းသူများဖြင့် ဒေသထွက် အသီးအနှံများ၊ သား၊ ငါးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ ရောင်းဝယ်ဖောက်ကားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းအခြေအနေများ၊ ရောင်း ဝယ်ဖောက်ကားမှု အခြေအနေများနှင့် ဒေသတွင်း ကုန်စည်ဝင်ရောက်မှု အခြေအနေများကို ဈေးရောင်း/ ဈေးဝယ်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်မေးမြန်းခဲ့ကြသည်။
ယင်းနောက် ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ကုန် ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဒေသအတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စဉ်ဆက်မပြတ်စီးဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အဓိကကုန်စည်စီးဆင်းရာ လမ်းမကြီးဖြစ်သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း၌ မြေပြို၊ လမ်းပိတ်စို့မှုဖြစ်စဉ်များကြောင့် ကုန်စည်ယာဉ်ကြီးများ တက်ရောက်လာနိုင်ခြင်းမရှိသေးသည့်အတွက် ဒေသတွင်းအခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ကုန်ဈေးနှုန်းမြင့်တက်ရောင်းချလာမှုအပေါ် အလေးအနက်ထား ထိန်းချုပ် ဆောင်ရွက်သွားရေး၊ ဆန်ဖူလုံမှုရှိစေရေး (၃) နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် မိမိတို့ မျှော်မှန်းချက် ပြည့်မီတော့မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် အသီးအရွက်၊ ဆီထွက်သီးနှံနှင့် သား/ငါးဖူလုံမှုရှိစေရေး ရေရှည်စီမံကိန်းဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဆောင်ရွက်ကြနိုင်ရေး၊ နောင်အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်လာပါက ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ကြီးမားသောဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ကုစားနိုင်ရေး ရေရှည်စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအိုစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ စိုက်ပျိုးမွေးမြူရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးချိန်မီ လယ်ယာလုပ်ငန်းခွင်သုံးအတွက် စက်သုံးဆီတင်ပို့/ ဖြန့်ဖြူးလျက်ရှိသည့်အခြေအနေများကို ဆက်လက်ပံ့ပိုးဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သို့ သွားရောက်ပြီး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းအုပ် ဦးသိန်းလှမောင်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ နှင့် သင်ကြားရေးလုပ်ငန်းများ၊ Grade-12 အောင်မြင်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းရှိ ဆရာ/ ဆရာမ (၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၁၅)ဦးတို့အတွက် အာဟာရ စရိတ်ထောက်ပံ့ငွေကျပ် (၂၅)သိန်း၊ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ ကျား/ မ အိပ်ဆောင်များ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြို့မရပ်ကွက်၊ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟိုခိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စရံသီ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို လှူဒါန်းခဲ့ကြကာ အနုမောဒနာတရားတော်များ နာယူခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း ချအမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအုပ်၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ လူနာ (၆၀) ကျော်အတွက် ထောက်ပံ့ငွေများနှင့် ဆေးရုံကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် လုံးစွတ်ရပ်ကွက် မတ်ပန်ကွင်းအတွင်း ပူတာအိုဒေ (၃) နှစ် အတွင်း ဝမ်းစာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ရည်မှန်းချက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိရေး ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပူတာအိုခရိုင် မိုးစပါးရေတော်မိုးတော် ထွန်တုံးပိတ်သိမ်းပွဲ၊ မျိုးကောင်းမျိုးသန့်ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးအပ်ပွဲအခမ်းအနားကို တိုင်းရင်းသားရိုးရာအကအလှများ ဖျော်ဖြေတင်ဆက်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ ဝမ်းစာဖူလုံရေးအတွက် (၃) နှစ် စီမံကိန်းချမှတ်၍ ဆောင်ရွက်ခဲ့ရာ ဆန်ဖူလုံမှု ၈၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၉၈ ဒဿမ ၈၃ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါကြောင်း၊ မိမိတို့ ရည်မှန်းချက်အတွက် တစ်ဧကအထွက်နှုန်းတိုးပွားရေးနှင့် ဖူလုံမှုရာခိုင်နှုန်း ပြည့်မီကျော်လွန်စေရေး ယခုနှစ်အတွက် မျိုးသန့်စပါးတင်း ၁၀၀၀၀ အခမဲ့ထောက်ပံ့ပေးခဲ့သည့်အပြင် စိုက်ပျိုးချိန်မီ လိုအပ်သည်များကိုလည်း ပံပိုးဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့တက်ရောက်လာကြသည့် တောင်သူများအနေ ဖြင့် မိမိတို့ဒေသတွင်း လိုအပ်သောစားနပ်ရိက္ခာကို ဒေသတွင်းမှာသာ လုံလောက်ဖူလုံစွာ ထုတ်လုပ်နိုင်ရေးဆန်စပါးဖူလုံမှုအပြင် သီးထပ်သီးညှပ်နှင့် ဟင်းသီးဟင်းရွက်များ၊ သား/ငါးကဏ္ဍအတွက် မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး မိမိတို့အားလုံးက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးစား ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာဌေးလွင်က ဒေသဝမ်းစာဆန်ဖူလုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် မျိုးသန့်မျိုးစပါးပံ့ပိုးပေးခဲ့မှု အခြေအနေများ၊ စိုက်ပျိုးဧကများ တိုးမြင့်ဆောင်ရွက်ပေးနိုင်မှုများ၊ မျိုးပြောင်းလဲစိုက်ပျိုးမှုဖြင့် ဝမ်းစာဖူလုံလာမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများထံ မျိုးသန့်ကော်ဖီပျိုးပင်များ၊ ပန်းအာလူးမျိုးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်းကောင်း၊ ထွန်တုံးပိတ်သိမ်းပွဲ တက်ရောက်လာသည့် တိုင်းရင်းသားအကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ ရောစပ်အသုံးပြုပုံများကို အသိပညာပေးပြသပြီး လယ်ကွင်းအတွင်း ပူတာအိုခရိုင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်သိမ်း စိုက်ပျိုးနေမှုနှင့် ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်းကို မြေသြဇာစုပေါင်းကြဲပက် သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြခဲ့ကြသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနပိုင် မတ်ပန်ခြံအတွင်း မျိုးသန့်မျိုးစေ့ထုတ်စက်ရုံသို့ သွားရောက်ပြီး စက်ရုံအတွင်း ဒေသခံတောင်သူများအတွက်အထွက်တိုး ဆင်းဧကရီ-၃ မျိုးစပါးများအား မျိုးသန့်မျိုးစေ့ထုတ်စက်ဖြင့် လည်ပတ်ထုတ်လုပ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပလျက်ရှိသည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲသို့ တက်ရောက်ပြီး တိုင်းရင်းသားအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၏ မီတာ ၄၀၀၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲကို ဒေသခံများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြခဲ့ကြပြီး ဆုရရှိသူများ၊ ပြိုင်ပွဲဝင်များနှင့် အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းကလည်း ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့က ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုန်စည်အဆက်မပြတ်စီးဆင်းနိုင်ရေး လမ်းပိုင်းပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသခံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများအပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများအတွက် ဆန်အိတ် (၅၀၀)၊ ဆီပိဿာ (၆၂၀)၊ ကြက်ဥအလုံးရေ (၇၈၀၀)လုံး၊ ခေါက်ဆွဲခြောက်ဖာ (၁၁၄)ဖာ၊ လက်ဖက်နှင့် အကြော်ဆုံ (၁၅၈)ထုပ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အဆိုပါ ခန်းမအတွင်း ဝန်ထမ်းများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့က တပ်မတော်လေယာဉ် တင်ပို့ထားသည့် စက်သုံးဆီဒီဇယ်နှင့်ဓာတ်ဆီများ ဖြန့်ဝေပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအိုရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် တပ်မတော် အရာရှိ/ အရာခံများ၊ တပ်မတော်သားမိသားစုဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားကာ စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအိုအတွက် ထောက်ပံ့ငွေကျပ် (၂၅) သိန်း၊ အခြေခံစားသောက်ကုန်များဖြစ်သည့် ငါးခြောက်၊ မြေပဲ၊ ပဲနီလေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)